Personal tools
You are here: Home မှုဆယ်ခရိုင် နမ့်ခမ်းမြို့ရှိ သစ်တောအုပ်ဝန်ထမ်းများ မတရားအခွန်ကောက်ခံနေခြင်း
Document Actions

မှုဆယ်ခရိုင် နမ့်ခမ်းမြို့ရှိ သစ်တောအုပ်ဝန်ထမ်းများ မတရားအခွန်ကောက်ခံနေခြင်း

by Mike last modified 2008-03-19 16:01

၂၀၀၈ခုနှစ် မတ်လ ၇ ရက်နေ့ (PWO)၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ သစ်တောအုပ်ဝန်ထမ်း ကျော်မိုးလွင်တို့အဖွဲ့သည် ဝိန်းကန်းဂိတ်တွင် အခိုင်အမာစခန်းချနေထိုင်ပြီး မိုင်းဝီး၊ နမ့်ခမ်းနှင့် အခြားတဖက်သို့ လာသမျှကား၊ ထော်လာဂျီဖြင့် အရောင်းအဝယ်လုပ်သူကို မတရားသောနည်းလမ်းဖြင့် အခွန်အခများကို ကောက်ခံနေပါသည်။

ကျော်မိုးလွင်ဆိုသူသည် ဒေသခံပြည်သူများအပေါ် အခွန်မတရားကောက်ခံသည့်အပြင် ပြည်သူလူထုအပေါ်မောက်မောက်မာမာဆက်ဆံတတ်ပါသည်။ မိုင်းဝီးဖက်မှ လာသော မီးသွေးတင်သရီးဂရောင်း ကားတစ်စီးလျှင် ကျပ်ငွေ(၅၀၀၀၀) မှ (၆၀၀၀၀)အထိ အခွန်ကောက်ခံပါသည်။ လေးလုံးထိုးကား တစ်စီးလျှင် ၃၅၀၀၀ မှ ၄၀၀၀၀ အထိကောက်ခံသည်။

မီးသွေးကားနှင့် ထော်လာဂျီများ ဝိန်းကန်းဂိတ်သို့ မဖြတ်လာခင် ကျော်မိုးလွင်ထံသို့ ကြိုတင် ဖုန်းဆက် အကြောင်းကြားရပါသည်။ အကယ်၍ ကြိုတင်အကြောင်းမကြားဘဲ ဂိတ်ဖြတ်ပါက သတ်မှတ်ထားသည့် အခွန်အပြင် ဒဏ်ငွေကျပ် ၁၀၀၀၀ မှ ၂၀၀၀၀ အထိ ပေးဆောင်ရပါသည်။ သို့မဟုတ် ကား၊ ထော်လာဂျီကို ဖြတ်သန်းခွင့်မပေးဘဲ၊ ဝိန်းကန်း ဘုန်းကြီးကျောင်းတွင် ကား၊ ထော်လာဂျီများကို နာရီအကန့်အသတ်မရှိ ထိုးရပ်ခိုင်းထားသည်။

တခါတရံ မိုင်းဝီးမှ နမ့်ခမ်းသို့ မီးသွေးကားတန်းများ တက်လာပါက (တပတ် - ၁၀ရက်)အထိ ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ထားတတ်သည်။ “ဒေသခံတစ်ဦး၏ ပြောပြချက်အရ ပုဂ္ဂလိကသစ်များ တင်လာမည့် သစ်ကားများလာမည့် အချိန်ဆိုလျှင် မီးသွေးကားများကို ၁၀ ရက်အထိဂိတ်ပိတ်ထားတတ်သည်” ဟုဆိုပါသည်။ အပြစ်မဲ့ လက်လုပ် လက်စားဒေသခံ ပလောင်တိုင်းရင်းသားများမှာ ဒုက္ခရောက်ကြရပါသည်။ “ကျော်မိုးလွင်က မူဆယ်က ပြောင်းလာတယ်။ မူဆယ်မှာ အရမ်းဆိုးတော့ နမ့်ခမ်းကို ပို့လာတယ်။ နမ့်ခမ်းရောက်တော့ ပြည်သူဆီက မတရားအခွန်တွေကောက်၊ ရိုက်နှပ်ပြီးရတဲ့ ပိုက်ဆံကို မူးယစ်ဆေးဝါးနှင့် သုံးဖြုန်းတယ်။ သူ့ကို မြန်မြန်ပြောင်းခိုင်းစေချင်တယ်” ဟုဆက်ပြောပါသည်။

ကျော်မိုးလွင်သည် လူမှုဆက်ဆံရေး မောက်မာသည့်အပြင် ဒေသခံလူငယ်များကိုလည်း တခါတရံ အပြစ်မဲ့ဖမ်းဆီး၍ ရိုက်နှိပ်တတ်သည်။ ကျော်မိုးလွင်နှင့် အဖွဲ့သားများသည် အခွန်မတရားကောက်ခံပြီး ရရှိသောငွေကြေးဖြင့် ရာဘ၊ ဘိန်းဖြူ စသည့် မူးယစ်ဆေးဝါများ သုံးစွဲလျက်ရှိသည်။