Personal tools
You are here: Home လူထုဆန္ဒထောက်ခံပွဲအတွက် အစည်းအဝေးခေါ်ယူခြင်း
Document Actions

လူထုဆန္ဒထောက်ခံပွဲအတွက် အစည်းအဝေးခေါ်ယူခြင်း

by Mike last modified 2008-03-18 08:19

၁၅-မတ်လ-၂၀၀၈ ခုနှစ်တွင် မန်တုံအခြေစိုက် တပ်ရင်း ၁၃၀ တပ်ရင်မှူး ဒုဗိုလ်မှူးကြီး တင်မောင်ဝင်း ဦးဆောင်ပြီး မန်တုံ မယက ဥက္ကဌ မြင့်အောင်အား မန်တုံမြို့နယ်ရှိ အုပ်စုဥက္ကဌများ၊ ကျေးရွာ ဥက္ကဌများ၊ ကျေးရွာစာရေးများ နှင့် ဝန်ထမ်းများကို အစည်းအဝေးတက်ရောက်ရန် ဆင့်ခေါ်ခဲ့သည်။

အစည်းအဝေးကျင်းပသည့် မန်တုံမြို့ မရက ရုံးတွင် တက်ရောက်လာကြသော အုပ်စုဥက္ကဌများ၊ ကျေးရွာဥက္ကဌများ၊ ကျေးရွာစာရေးများ နှင့် ဝန်ထမ်းများကို ၁၅-ရက်နေ့ မတ်လ-၂၀၀၈ရက်နေ့တွင် တစ်နာရီ ခန့်ကျင်းပခဲ့ပြီးနောက် ၁၆ ရက်နေ့တွင် တစ်ကြိမ်ထပ်မံဆင့်ခေါ် ကျင်းပခဲ့ပါသည်။ 

ထိုအစည်းအဝေးတို့တွင် လာမည့်လူထုဆန္ဒခံယူပွဲ့နှင့်ပါတ်သက်ပြီး ပလောင်ပြည်သူများ အနေဖြင့် ထောက်ခံလိုက်ပါက ပလောင်ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမည်ဟု ထဲ့သွင်းပြောကြားခဲ့ပါသည်၊၊ လူထု စည်းရုံးရေးအတွက် မန်တုံမြို့နယ်အတွင်းတွင် တပ်ရင်း (၁၃၀) မှ ဗိုလ်မှူးအောင်ကိုလတ်အား လူထုစည်းရုံး လုပ်ဆောင်ရန်အတွက် တာဝန်ပေးအပ်ပြီး၊ မန်တုံပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူအား မန်တုံမြို့နယ် ထာတ်ကြတ်ကျေးရွာတွင် အခြေချစေခိုင်းပြီး ဖွဲ့စည်းပုံကိုထောက်ခံခိုင်းသည့် လူထုစည်းရုံးလုပ်ငန်းများ လုပ်ဆောင်သွားရန် ထပ်မံတာဝန်ပေးအပ်ခဲ့ပါသည်။ 

ထို့အတူ လူထုဆန္ဒခံယူပွဲ စည်းရုံးရေးနှင့်ပါတ်သက်ပြီး ဝင်ရောက်နှောက်ယှက်သူများအား သတင်းရရှိပါက မန်တုံအခြေစိုက် တပ်ရင်း (၁၃၀)စီကို ၁၇ ရက်နေ့ မတ်လ ၂၀၀၈ နေ့ကစပြီး နေ့စဉ် သတင်းပေးပို့ရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ 

ထို့နောက် မန်တုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအလိုက် နအဖ၏ဖွဲ့စည်းအခြေခံဥပဒေမူကြမ်းကို လေ့လာနိုင်ရန်အတွက် တစ်အုပ်စုလျှင် မူကြမ်းတစ်အုပ်ကျစီ မကြာမှီဖြန့်ဝေပေးမည်ဖြစ်ပြီး ထောက်ခံမဲပြုလုပ်ရန်အတွက် တစ်အုပ်စုလျှင် မဲပုံးတစ်ပုံးချပေးမည်ဟု သတင်းရရှိပါသည်။